ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ် လူငယ်သီတင်းပတ် အစီအစဉ် ဖွင့်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား စက်တင်ဘာ ၆

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များသည် အဓိက စွမ်းအားစုအဖြစ် အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ခြင်းကြောင့် လူငယ်ကဏ္ဍမြှင့်တင်ရေးအတွက် မြစ်ကြီးနားပညာရေး ဒီဂရီကောလိပ်၏ လူငယ်သီတင်းပတ် (Youth Week) လှုပ်ရှားမှုများ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ လူငယ်သီတင်းပတ်ဖွင့်ပွဲကို ဒီဂရီကောလိပ်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည် နယ် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ကျောင်းအုပ်ဆရာမ ဒေါ်ဥမ္မာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ကျောင်းသား/ကျောင်းသူလူငယ်များ၏ ကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေမှု၊ ကိုယ်ကာယ ကြံ့ခိုင်မှု Fitness Dance အကဖြင့် ကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြကာ အကအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားကို အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ်က အနာဂတ်နိုင်ငံတာဝန်အရပ်ရပ်ကို ပခုံးပြောင်း တာဝန်ယူဆောင်ရွက်ကြမည့် မျိုးဆက် သစ်လူငယ်များအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံပြီး နိုင်ငံတော်မှ အားကိုးအားထားရသည့် လူငယ်များ ဖြစ်လာစေရေး၊ သင်ကြားမှု၊ သင်ယူမှု၊ လေ့ကျင့်မှုတို့ဖြင့် စဉ်ဆက်မပြတ် ကြိုးစားကြရေး တိုက်တွန်း မှာကြားသည်။

ဆက်လက်၍ ကျောင်းအုပ်ဆရာမ ဒေါ်ဥမ္မာမြင့်က လူငယ်သီတင်းပတ် လှုပ်ရှားမှု အစီအစဉ်ကျင်းပရ ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းသူများက လူငယ်သီတင်းပတ် လှုပ်ရှားမှု ဖွင့်ပွဲအထိမ်းအမှတ် တိုင်းရင်းသားရိုးရာ တေးသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ကပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့များအတွက် ချီးမြှင့်ငွေနှင့် ဒီဂရီကောလိပ်အတွက် ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ကျောင်းအုပ်နှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများက သင်တန်းသား/ သင်တန်းသူများ၏ ဆန်းသစ်တီထွင်ပြသထားသည့် သင်ထောက်ကူပစ္စည်းများ ပြသထားရှိမှုများကို လှည့်လည် ကြည့်ရှုအားပေး ခဲ့ကြသည်။

အဆိုပါ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်အစီအစဉ်ကို စက်တင်ဘာ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လူငယ်များအတွက် စာပေဟောပြောပွဲအစီအစဉ်၊ စာပေ စကားဝိုင်းအစီအစဉ်များကို ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်