မော်လမြိုင် စက်တင်ဘာ ၆
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ ပြင်ပအသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် အမှတ် (၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (မော်လမြိုင်) မှ ဒုရဲမှူးကျော်ဝဏ္ဏက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပါ ပြစ်မှုပြစ်ဒဏ်များနှင့် ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်နေသည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ်အမျိုးအစားနှင့်၊ လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများအကြောင်းတို့ကို လည်ကောင်း၊ မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရန် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ ဦးတင်အောင်ဆန်းက “လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၃၂၀ တက်ရောက်ပြီး၊ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးလူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)