မချမ်းဘော စက်တင်ဘာ ၆
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့မြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်ပါ လူမှုရေးဦးတည်ချက် တတိယအချက်ဖြစ်သည့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ၊ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့် ဦးတည်ချက်နှင့်အညီ လူငယ်များအားစာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန် ပူးပေါင်းပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ထရန်ဒမ်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ထရန်ဒမ်း)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနောင်ထုန်းခေါ့ထိန်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းအစီအစဥ်ကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ဦးစီးအရာရှိ ဒေါ်နီနီလွင်ကဆောင်ရွက်ပြီး အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ မနန်ဟီးမေရီဦးက “လူငယ်နှင့်စည်းကမ်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-12 မှ မစွဲ့စန္ဒာအောင်က “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 မှ မောင်ဖေဆားရ်က “လူငယ်နှင့်အားကစား” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 မှမောင် ဆန်းရမ်က “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကာ စကားဝိုင်းသို့တက်ရောက်လာကြသော ကျောင်းသားကျောင်းသူများက ဆွေးနွေးချက်များအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများက သက်ဆိုင်ရာ ဆွေးနွေးခဲ့သည့် ခေါင်းစဥ်များအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဦးဆောင်ဆွေးနွေးသူ ဦးစီးအရာရှိက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးအောင်စိုးမိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီးအခမ်းအနားကိုရုပ်သိမ်းကာ တက်ရောက်လာကြသော ကျောင်းသားကျောင်းသူ (၁၅၀)ဦးတို့က ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် စာစောင်များ၊ သုတရသစာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)