ပုဇွန်တောင်မြို့နယ်တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့်သတင်းမီဒီယာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပုဇွန်တောင် စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့်သတင်းမီဒီယာအသိ ပညာပေးဟောပြောပွဲကို အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင်  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံမှ ကျောင်းသား/ကျောင်းသူများအား Social Media မှ သတင်းများကို အလွယ်တကူမယုံကြည်ရန်၊ ဓာတ်ပုံတစ်ပုံကို အစစ်အမှန်ဟုတ်မဟုတ်ခွဲခြားနိုင်ကြောင်း၊ သတင်းအမှားများကြောင့် ဒုက္ခရောက်နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး) က စာဖတ်ခြင်းအကျိုးကျေးဇူးများနှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူ မောင်နိုင်မိုး) က စာပေရေးရာ သိမှတ်ဖွယ်ရာများကို စိတ်ဝင်စားဖွယ် အသိပညာပေးဟောပြောခဲ့ကြပြီးနောက်  စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ရာ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ခင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးမင်းဇော်၊   မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊  ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်