လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

လှိုင်သာယာ (အနောက်ပိုင်း) စက်တင်ဘာ ၆

ရန်ကုန်တိုင်း‌‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့်   ကျပန်းစကားပြောပြိုင်ပွဲကို  ယမန်နေ့ နံနက် ၁၁နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးမြင့်ဇော်က “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာစွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊  ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ ယခုလိုကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ကြည်က မုဒိတာ စကားပြောကြားသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူးယစ်အန္တရာယ်တို့ကာကွယ် ခေါင်းစဉ်ဖြင့်အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်းမှ‌ ကျောင်းသား/ကျောင်းသူ (၁၆) ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား  သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၇၀) ဦးခန့် တက်ရောက်ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ ရသစာအုပ်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သတင်းရရှိသည်။

ဦးမြင့်ဇော်