မလှိုင် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့ သမိုင်းဝင်ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး၏ (၉၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကိုရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၏လမ်းညွှန်မှုဖြင့် ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ (၅.၉.၂၀၂၃ ရက်နေ့မှ ၂၂.၉.၂၀၂၃)ရက်နေ့အထိ (၁၈)ရက် တိုင်တိုင် မြို့ခံဈေးသည်နှင့်အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းချမည့် ဈေးသည်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှေးဦးစွာ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်(၅)နာရီ အချိန်တွင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအား သြဝါဒါစရိယဆရာတော်ကြီး(၇)ပါးနှင့် ပင်သံဃာ(၁၂)ပါးတို့က ဗုဒ္ဓဘိသေက အနေကဇာ တင်လှူပူဇော်ခဲ့ကြပြီး အာရုံဆွမ်းများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဘုရာကြီး၏ ဩဝါဒါစရိယ သက်တော်ရှည် မိုဃ်းကောင်းကျောင်းဆရာတော် ဘဒ္ဒန္တကဿပထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားကို ဩဝါဒါစရိယထံမှပင် နာယူကာ အမျှအတန်းများပေးဝေခဲ့ကြသည်။
ပွဲတော်ကာလတွင် (၁၅)ကြိမ်မြောက် ကာရာအိုကေ ဆို/ပျော်ပြိုင်ပွဲကို (၁၀.၉.၂၀၂၃ မှ ၁၃.၉.၂၀၂၃ ) ရက်နေ့ထိ ညစဉ်(၇)နာရီခွဲအချိန်တွင် အသောကရုပ်ရှင်ရုံး၌ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး (၁၄.၉.၂၀၂၃)ရက်နေ့တွင် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ပထမဆု (၇၀၀၀ဝိ/-)၊ ဒုတိယ(၅၀၀၀ဝိ/-) ၊ တတိယဆု(၃၀၀၀ဝိ/-)နှင့် နှစ်သိမ့်ဆု (၂၀၀၀ဝိ/-) (၅)ဦး ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်တစ်ဦးလျှင် ဝင်ကြေး (၅၀၀ဝိ/)ကျပ်ဖြင့် မိမိကြိုက်နှစ်ရာ သီချင်းတစ်ပုဒ် ၊ စပွန်ဆာပေးသီချင်းတစ်ပုဒ် စုစုပေါင်း(၂)ပုဒ်ဖြင့် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)