တောင်ကုတ်မြို့၌ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကုတ်   စက်တင်ဘာ   ၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်တွင် မြို့နယ်ခန်းမ၌ကျင်းပပြုလုပ်သည်။

အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရည်သန့်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးမောင်ပု၊ တောင်ကုတ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် မာန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က အမှာစကားပြောကြားသည်။

ထို့နောက် တောင်ကုတ်တက္ကသိုလ် သမိုင်းဘာသာရပ်အထူးပြု ကျောင်းသူများက ရတနာပုံသီချင်းဖြင့်လည်းကောင်း၊ မြန်မာစာအထူးပြုကျောင်းသူများက ရခိုင်တို့မြေလာခဲ့လေ သီချင်းဖြင့်လည်းကောင်း၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသူများက မင်္ဂလာပါသီချင်းဖြင့် လည်းကောင်း ဖျော်ဖြေကြပြီးနောက် အဆို၊ အက ပြိုင်ပွဲများကို ဆက်လက်ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင်နှင့် ပါမောက္ခများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်