နမ့်ခမ်းမြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသသည့် လူနာများအသုံးပြုရန် အောက်စီဂျင်နှင့် အသက်ရှူစက်များလှူဒါန်း

နမ့်ခမ်း အောက်တိုဘာ ၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ရှိ ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသလျက်ရှိသည့် (သာမန်)လူနာများအသုံးပြုရန် အောက်စီဂျင်စက်နှင့် အသက်ရှူစက် များကို မြို့နယ်စည်ပင်သာယာရေးကော်မတီ က ယမန်နေ့နံနက်(၁၀) နာရီအချိန် က ပေးအပ်လှူဒါန်းသည်။

"ဆေးရုံမှာ အထူးကြပ်မတ်ကုသလူနာတွေနဲ့ အရေးပေါ်ကြပ်မတ်ကုသလူနာတွေအတွက် မရှိမဖြစ် လိုအပ်နေတဲ့ စက်ပစ္စည်းလည်းဖြစ်၊ လူနာများအတွက် လုံလုံလောက်လောက် အသုံးပြုနိုင်ရန် ရည်ရွည်ပြီး လှူဒါန်းခြင်း ဖြစ်ပါတယ်" ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ရွှေ က စက်များလှူဒါန်းရခြင်း အကြောင်းရှင်းလင်း ပြောကြားခဲ့သည်။ နမ့်ခမ်းမြို့  ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင် က " ဆေးရုံမှာ ထိခိုက်ဒါဏ်ရာရ လူနာတွေ၊ ခွဲစတ်ကုသလူနာတွေနဲ့ အရေးပေါ်ကြပ်မတ်ကုသရမယ့် လူနာတွေ အတွက် အောက်စီဂျင်စက်နှင့် အသက်ရှူစက်တွေ လုံလုံလောက်လောက်ရှိမှသာ လူနာတွေရဲ့ အသက်ကို တစ်နည်းတစ်လမ်းနဲ့ ကယ်တင်နိုင်မှာ ဖြစ်တယ်" လို့ ပြောကြားသည်။

နမ့်ခမ်းမြို့ စည်ပင်သာယာရေးကော်မတီမှ ပြည်သူ့ဆေးရုံတွင် ဆေးကုသလူနာများ အသုံးပြုရန်အတွက် လှူဒါန်းသည့် အောက်စီဂျင်စက်(၁)လုံးနှင့် အသက်ရှူစက်(၂)လုံး တို့ စုစုပေါင်း တန်ဖိုးမှာ (၆၇၀၀၀၀/-) ကျပ် ဖြစ်ကြောင်း သိရသည်။

ဆိုင်ထွန်း(ပြန်/ဆက်)