ပုသိမ်ကြီး စက်တင်ဘာ ၅
မန္တလေးမြို့ မလွန်ဈေးဆန်လှူအသင်းကြီး၏ (၁၂၇)နှစ်မြောက်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရဟန်း၊ သံဃာ၊ သီလရှင် စာသင်တိုက်များအတွက် (၇)ကြိမ်မြောက် ဆွမ်းဆန်တော် လှူဒါန်းပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေရှိ သီရိမင်္ဂလာသရက်တောကျောင်းတိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မန္တလေးမြို့ မလွန်ဈေးဆန်လှူအသင်းကြီး၏ ဥက္ကဋ္ဌ ဦးစိန်ဝင်း၊ အတွင်းရေးမှူး ဦးကြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ ပုသိမ်ကြီးမြို့ မလွန်ဆန်လှူအသင်းထောက် ဥက္ကဋ္ဌ ဦးထွန်းခင်တို့ တက်ရောက်၍ သက်တော်ရှည် ဆရာတော်ကြီး (၉)ပါးအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြပြီး စေတဝန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဥဂ္ဂါသေန ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ရေစက်ချ အမျှဝေကြသည်။
ဆက်လက်၍ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊ ကျောင်းတိုက်ပေါင်း (၄၂၇) တိုက် နှင့် သီလရှင် စာသင်တိုက် (၄၀) တို့အား ခွဲဝင်ဆန်အိတ် (၇၉၉၅)အိတ် တို့အား ဆက်ကပ်လှူဒါန်းကြသည်။ မလွန်ဈေးဆန်လှူအသင်းကြီးသည် စစ်ကိုင်း၊ မင်းဝံ၊ မင်းကွန်းတောင်ရိုးကြီးများနှင့် မန္တလေး (၇)မြို့နယ်တို့ရှိ ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား နှစ်စဥ် တော်သလင်းလတွင် ဆွမ်းဆန်တော်များ လောင်းလှူလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်