ညောင်ဦး စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၅ ရက် နေ့လယ် ၂ နာရီအချိန်က ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး ၊အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးတိုးလွင်ကအဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မြအောင်၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂)ဦးသိန်းအောင်တို့က ဆွေးနွေးတင်ပြကြသည်။ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပသွားရန် ကိစ္စနှင့်ပတ်သတ်၍ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်တို့က စီမံဆောင်ရွက်ထားရှိမှုများအားဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် ကျောက်ပန်းတောင်းမြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမိုးကျော်၊ ညောင်ဦးမြို့နယ် သဘင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဆန်းလွင်တို့က မြို့နယ်အလိုက် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ရွက်ပုန်းသီးအနုပညာရှင်များ ဖော်ထုတ်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အဘက်ဘက်က ပါဝင်ယှဉ်ပြိုင်နိုင်ရေးတို့အား ဆွေးနွေးကြကာ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးတိုးလွင်မှ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဒီပါလင်း