တံတားဦးမြို့နယ် ပြူကန်ကျေးရွာတွင်မိုးစပါးအစေ့ချစက် (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးခြင်း  သရုပ်ပြပွဲကျင်းပ

တံတားဦး ဩဂုတ် ၅

တံတားဦးခရိုင် တံတားဦးမြို့နယ် အမှတ် (၂၃) စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် တောင်သူများပူးပေါင်းပြီး ပြူကန်ကျေးရွာတွင် မိုးစပါးအစေ့ချစက် (Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက်(၁၀)နာရီက ကွင်းအမှတ်(၁၃၄၀) ပြူကန်ကွင်း တောင်သူ ဦးဝင်းချိုလယ်၌ပြုလုပ်သည်။

သရုပ်ပြပွဲတွင် တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးတင့်ဇော်က စပါးအစေ့ချစက် (Seeder)ဖြင့် စိုက်ပျိုးရာတွင် မျိုးစေ့များ နေ၊ ရေ၊ လေ အာဟာရမျှတစွာ စားသုံးရခြင်း၊ မျိုးစပါးအစေ့ချစက်ဖြင့်စိုက်ပျိုးထားသော စပါးခင်းကို ရိတ်သိမ်းခြွေလှေ့စက်များဖြင့် အလွယ်တကူ ရိတ်သိမ်းခြွေလှေ့နိုင်ခြင်း၊ ဒေသခံတောင်သူများ လယ်ယာသုံး စက်ကိရိယာကို အသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာမြေများ ထယ်ရေးထွန်ယက်ခြင်းလုပ်ငန်းအား အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ခြင်းကို တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများက မိုးစပါးအစေ့ချစက် (Seeder)ဖြင့် စိုက်ပျိုးခြင်းကို ကြည့်ရှုလေ့လာအားပေးကြပြီး တောင်သူများ၏ သိရှိလိုသည်များကို မြို့နယ်စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးသည်။

တံတားဦးမြို့နယ် အမှတ်(၂၃)စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် ပြူကန်ကျေးရွာ၌ ယနေ့တွင် မိုးစပါးအစေ့ချစက် (Seeder)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို (၅)ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း၊ အစေ့ချစက်ဖြင့် စိုက်ပျိုးရာတွင် (၁၀)တန်းသွားစနစ်ဖြင့် စိုက်ပျိုးပါကြောင်း၊ ဒါ့အပြင် တန်းကြား(၁၁)လက်မ၊ အပင်ခြား(၆)စနစ်၊ (၆)တန်းကို(၁)တန်းလပ် စနစ်ဖြင့် စိုက်ပျိုးပါကြောင်း၊ မျိုးစေ့အနေဖြင့် (၁)ဧကကို (၈)ပြည်မှ(၁၂)ပြည်အထိကုန်ကျပါကြောင်း၊ ကောက်စိုက်မဖြင့် စိုက်ပျိုးပါက မျိုးစေ့ (၁)တင်းကို ပျိုးထောင်ရပြီး ကောက်စိုက်သမ(၁၂)ဦး ကုန်ကျပါကြောင်း တောင်သူများအနေဖြင့် မျိုးစပါးကုန်ကျသက်သာခြင်း၊ ပျိုးနုတ်ခြင်းမှသက်သာခြင်းနှင့် လူအားဖြင့်ကောက်စိုက်ခြင်းမှ သက်သာခြင်းတို့ ရရှိကြောင်းသိရသည်။

ရဲတင့်(ပြန်/ဆက်)