ဆီဆိုင် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ဆောင်ရွက်သည့် ကုန်းဆွတ်ကျေးရွာအုပ်စု၊ ကုန်းဆွတ် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ဇွန်လ ၂၈ ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထျာရယ်နှင့် ဝန်ထမ်းများက ကုန်းဆွတ်ကျေးရွာအုပ်စု၊ ကုန်းဆွတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့်မိသားစုဝင်ငွေတိုးပွားလာစေရန်၊ ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုနှုန်း လျော့ကျစေရန် ရည်ရွယ်၍ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ကုန်းဆွတ်ကျေးရွာအုပ်စု၊ ကုန်းဆွတ်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအတိုးရငွေမှ ငွေကျပ်(၁၀.၀၀)သန်းအသုံးပြု၍ လမ်းအရှည်(၆၀၀)ပေ၊ အကျယ်(၁၀)ပေ၊ အမြင့်(၆)လက်မရှိ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာကူညီပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)