မိုင်းဆတ် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ကျင်းပနိုင်ရန် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဇိအုန်ဟိုတယ်ခန်းမတွင် ကျင်းပပြုလုပ်ရန် ရွေးချယ်ထားပြီးဖြစ်ကြောင်း၊ စက်တင်ဘာလ(၁၂)ရက်နေ့တွင် ကြိုတင်လေ့ကျင့်နိုင်ရေးနှင့် စက်တင်ဘာလ(၁၃)ရက်နေ့ မွန်းလွဲပိုင်းတွင်ပြိုင်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားပြင်ဆင်ရေးကော်မတီအနေဖြင့် အချိန်မီပြီးစီးအောင် ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ပြိုင်ပွဲအခမ်းအနား အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာကော်မတီများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖတို့က ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုချီးမြှင့်မည့်အစီအစဉ်နှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)