မိုးမိတ်မြို့၌ စစ်ကြောင်းကြီးငါးကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

မိုးမိတ် စက်တင်ဘာ ၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်  လက်ခုတ်တန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်  ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို  ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဒေသခံနေပြည်သူများနှင့်တွေ့ဆုံ၍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြစ်သော လမ်း၊ တံတားများနှင့် ဆည်မြောင်းများပြုပြင်ဆောင်ရွက်ရသည့် အကြောင်းအရာများ  နယ်မြေဒေသအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စရပ်များအပြင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်းနှင့်  အိမ်ထောင်စုစာရင်းများဆောင်ရွက်ပေးခြင်း၊ လူကုန်ကူးမှုတားဆီးကွယ်ရေး ဆိုင်ရာအကြောင်း အရာများ မိမိတို့၏ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းကြပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့ရပ်ရွာဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်  လမ်းတံတားနှင့် စိုက်ပျိုးရေး ဆိုင်ရာအချက်အလက်များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဆွေးနွေးဖြေကြားပေးခဲ့ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ၊ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်းသိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)