ကျောက်ဆည်မြို့နယ်ရဲကြီးကျေးရွာတွင် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာ

ကျောက်ဆည် စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ရဲကြီးကျေးရွာတွင် ဈေးကွက်ကောင်းလျက်ရှိသော ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

ငှက်ပျောသီးနှံသည် ဈေးကွက်ကောင်းမွန်ခြင်း သွင်းအားစုနည်းပါးခြင်း၊ မိသားစုလုပ်အားဖြင့် စိုက်ပျိုးနိုင်ပြီး အလုပ်သမားရှားပါမှုမရှိခြင်းတို့ကြောင့် ပိုမိုစိုက်ပျိုးလာကြောင်း ရဲကြီးကျေးရွာမှ ငှက်ပျောစိုက် တောင်သူဦးဝင်းစိုးက ပြောပြပြီး စိုက်ပျိုးရာတွင် တစ်ပင်တန်းနှင့်နှစ်ပင်တန်း (စွယ်စုံ)ဟူ၍ အတန်းလိုက် စိုက်ပျိုးကြောင်း၊ တစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၈) ပေအကွာစိုက်ပျိုးကြပြီး၊ နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးမည်ဆိုပါက (၁၀)ပေခန့်အကွာ စိုက်ပျိုးကြောင်း သိရသည်။

နှစ်ပင်တန်း(စွယ်စုံ) စိုက်ပျိုးမည်ဆိုပါက တစ်ဧကအပင်(၈၀၀)ပင် စိုက်ပျိုးနိုင်ကြောင်း၊ ကုန်ကျမှုအနေဖြင့် မျိုးပင်နှင့်စိုက်စရိတ်အပါအဝင် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ စုစုပေါင်း ငွေကျပ်(၁၅)သိန်းမှ(၁၇)သိန်း ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၈)လတွင် ငှက်ပျောခိုင်အဖူးများ စတင်ထွက်ရှိပြီး (၁၀)လကျော်တွင် စတင်ခုတ်ရောင်းရကြောင်းနှင့် ငှက်ပျောသီးနှံကောင်းပါက တစ်ဧကငွေကျပ်(၃၆)သိန်းခန့် ရရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)