မူဆယ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

မူဆယ် အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ သည် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော “ဒီမိုကရေစီရှင်သန်ဖို့ မသန်ပေမယ့်စွမ်းသူများ အားလုံး မဲပေးကြစို့ နှင့် “မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင် များကို မြို့လယ်မီးပွိုင့်၊ ရထိုက်လမ်းစုံနှင့် ဟိုမွန်ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအနီးတို့တွင် ယမန်နေ့ ညနေပိုင်းအချိန် က ဖြန့်ဝေဆောင်ရွက်ခဲ့ကြသည်။        

အဆိုပါအသိပညာပေးလက်ကမ်းစာစောင်များတွင် မသန်ပေမဲ့စွမ်းသူများအတွက် မဲပေးနိုင်မည့် အစီအစဉ်များ၊ မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါ မကူးစက်အောင် ကာကွယ်ရမည့်နည်းလမ်းများနှင့် မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများပါဝင်ပြီး ပညာပေးအကြောင်းအရာများကို ကာတွန်းရုပ်ပြများဖြင့် သရုပ်ဖော်ပြ ထားရှိကာ အများပြည်သူများအတွက် မဲပေးခြင်းဆိုင်ရာအသိ ပညာများရရှိစေရန် အခမဲ့ဖြန့်ဝေပေးခဲ့ ကြကြောင်း သိရသည်။

အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေရာသို့ မူဆယ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးသက်နိုင်စိုးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူများ ပါဝင်ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

စန္ဒာ(ပြန်/ဆက်)