ပေါင် စက်တင်ဘာ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) နတ်ကြီးချောင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) နတ်ကြီးချောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုသက်က အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက လူငယ်များအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပြီး (အ.ထ.က) နတ်ကြီးချောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုသက်က ဦးဆောင်ဆွေးနွေးပြီး (အ.ထ.က) နတ်ကြီးချောင်ကျောင်းမှ Grade 11 ကျောင်းသား မောင်ဖြိုးမောင်မောင်ညွန့်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 10 ကျောင်းသူ မဆွေဆွေဇင်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 11 ကျောင်းသူ မဉ္ဇူအေးက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 10 ကျောင်းသူ မမေချယ်ရီက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade - 11 ကျောင်းသူ မမေသူဖြိုးက လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုသက်က အသီးသီး ပြန်လည်ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) နတ်ကြီးချောင်ကျောင်းမှ ဆရာ/ဆရာမများအပါအဝင် ကျောင်းသား၊ ကျောင်းသူ (၄၅၀) ဦး ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)