တာမွေ စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်(၆)နာရီခွဲအချိန်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဗဟို/ ခရိင်/ မြို့နယ်အဆင့် ကြီးကြပ်မှုအောက်ရှိ ဆေးရုံကြီးများ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်သာယာလှပစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဆေးကုသမှု ခံယူနိုင်စေရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုကဲ့သို့ တာမွေမြို့နယ်ရှိ မျက်စိအထူးကုဆေးရုံကြီး၊ အလုပ်သမားဆေးရုံကြီး(ရန်ကုန်)နှင့် နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီးတို့၌ ဆေးရုံဝင်းများ အတွင်း/အပြင် ချုံနွယ်ပိတ်ပေါင်းများ၊ ပေါင်းမြက်များ၊ မြေဆီလွှာနှင့် သစ်ပင်ပန်းမန်များအား ဆိုးကျိုးဖြစ်စေနိုင်သည့် ပလပ်စတစ်အမှိုက်သရိုက်အပါအဝင် ဆွေးမြေ့ရန် မလွယ်ကူသော စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ဆောင်ရွက်ပေးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ၊ အမြင်မတင့်တယ်သည်များအား ခုတ်ထွင် ရှင်းလင်းဖယ်ရှားပေးခြင်းနှင့် ဆေးရုံဝင်းအတွင်း လူနာရှင်များ ခေတ္တနားနေဆောင်များအား ပြန်လည်ပြင်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အဓိကထားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းမိသားစုများက မျက်စိအထူးကုဆေးရုံကြီးအတွက် လှူဒါန်းသော အလှူငွေကျပ် ငါးသိန်းကို ဝန်ထမ်းမိသားစုများကိုယ်စား ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မျက်စိအထူးကုဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)