အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မိုင်းရှူး စက်တင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆရာဦးဝင်းရွှေက အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့ကျင်းပသော လူငယ်စကားဝိုင်းကို အသိပညာ၊ အတတ်ပညာဗဟုသုတများဖြင့် ပြည့်စုံသောလူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ သေချာဂရုစိုက်ပြီး နားထောင်ရန်၊ သိရှိလိုသည်များကို ရဲရဲဝံ့ဝံ့ မေးမြန်း‌ဆွေးနွေးကြရန် မှာကြားခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းကို Grade-12 မှ မောင်ရန်နိုင်က လူငယ်နှင့်စည်းကမ်း၊ Grade-11 မှ မောင်အောင်မင်းခန့်က လူငယ်နှင့်စိတ်ကျန်းမာရေး၊ Grade-11မှ မသက်သက်ထွေးခိုင်က လူငယ်နှင့်ယုံကြည်မှု၊ Grade-12 မှ မထက်ထက်ကျော်က လူငယ်နှင့်ပညာရေး၊ Grade-12 မှ မဆောင်းနှင်းဖြူက လူငယ်နှင့်ခေတ် စသည့်ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့သည်။

ထို့နောက်အခမ်းအနား တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်ပါအကြောင်းအရာ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ  လူငယ်စကားဝိုင်းဆွေးနွေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါလူငယ်စကားဝိုင်းသို့ ကျောင်းသား၊ ‌ကျောင်းသူ စုစု‌‌ပေါင်း(၃၀၀)ဦး တက်ရောက်ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)