ကျောက်ဆည် စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ တံတားလည်ရပ်ကွက်တွင် ယမန်နေ့ ညနေ (၃) နာရီအချိန်က ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေး ဟောပြောပွဲနှင့် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
စာသုံးသူရေးရာ အသိပညာပေးဟောပြောပွဲတွင် ခရိုင်စားသုံးစားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မော်မော်အောင်က စားသုံးသူများအနေဖြင့် ကုန်ပစ္စည်း(သို့မဟုတ်)ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှု ရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ သို့မဟုတ် အထောက်အထားရယူခွင့်ရှိခြင်း၊ ဈေးကွက်အတွင်းရှိ စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့် စပ်လျဉ်းသည့်ကိစ္စများတွင် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိစေခြင်း၊ ဝယ်ယူအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်၍ ကုစားခွင့်ရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သော အချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်ကျင်တွင် နေထိုင်နိုင်ခွင့်ရရှိစေခြင်း စသည့်အကြောင်းများ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဌာနခွဲစာရေး ဦးစိုးလွင်က စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်သို့မဟုတ်ဝန်ဆောင်မှု၏ အာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း၊ စားသုံးသူအား ခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်သွယ်မှုပြုရန်နှင့် ထုတ်လုပ်မှုပြုရန် အလို့ငှာသက်ဆိုင်ရာအစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေး စံသတ်မှတ်ချက်များအပေါ် အခြေခံ၍အာမခံချက်ပေးခြင်း အကြောင်းများပြောခဲ့ပြီး ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တံတားလည်ရပ်ကွက်ပြည်သူများအား ဆီ(၁)ပိဿာ (၄၆၀၀) ကျပ် နှုန်းဖြင့်ဆီ(၅၅၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)