မဟာအောင်မြေ စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးတက္ကသိုလ်၌ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် အသိပညာပေးဟောပြောပွဲနှင့် ပြခန်းပြသခြင်းများကို ၄.၉.၂၀၂၃ ရက်နေ့မှ ၈.၉.၂၀၂၃ ရက်နေ့အထိ (၅)ရက်တာ မန္တလေးတက္ကသိုလ်၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် အသိပညာပေးဟောပြောပွဲနှင့် ပြခန်းပြသခြင်းများကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာတင်ထွန်း၊ ဒု-ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာအောင်နှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများမှ မန္တလေးတက္ကသိုလ် ဘာသာရပ်ဌာနအလိုက် ခင်ကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသား/သူများအား ဗလငါးတန်နှင့်ပြည့်စုံစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်သီတင်းပတ် အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာတင်ထွန်းက အဖွင့်အမှားစကားပြောကြားပြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သီတာအောင်က မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များပြောကြားကာ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စုမှူးရဲမှူးသူဇာလွင်က သက်ငယ်မုဒိမ်း အကြောင်းအရာကိုလည်းကောင်း၊ ဗဟိုအမျိုးသမီးဆေးရုံမှ သားဖွားမီးယပ်အထူးကု ဒေါက်တာဌေးသိင်္ဂီမြင့်က သားအိမ်ခေါင်းကင်ဆာ အကြောင်းအရာကိုလည်းကောင်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်းအသင်း ဒုဥက္ကဋ္ဌ ဒေါက်တာမြကေခိုင်က youth Entrepreneurship အကြောင်းအရာကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားအား မန္တလေးတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာတင်ထွန်း၊ မန္တလေးတက္ကသိုလ်ဒု-ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မန္တလေးတက္ကသိုလ် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သင်ကြားစီမံ ဌာနပေါင်းစုံဝန်ထမ်းများ စုစုပေါင်း(၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း