လောင်းလုံး စက်တင်ဘာ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီးလူအများရှေ့ စကားပြောဆိုရာ၌ရဲဝံ့စွာ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတ များနှင့်ပြည့်စုံပြီးဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင်လောင်းလုံးမြို့နယ်၊ ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဦးဝင်းရှိန်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်မှာပါသည့် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သော နိုင်ငံ၏ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်လူငယ် ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့အချက်အတိုင်း အနာဂတ်မှာ တိုင်းပြည်ကိုဦးဆောင်မယ့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်ပြည့်ဝစေရန်၊ အသိပညာပိုမိုတိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများမျှဝေတတ်စေရန်၊ ပရိတ်သတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ လူငယ်များအချင်းချင်း အသိပညာများဖလှယ်နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦးယဉ်ကျေးမှုများရှိလာပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုစကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ထားရှိသည့် ရည်မှန်းချက်အတိုင်းပန်းတိုင် ကိုလှမ်းနိုင်ရန်ဘဝမှာအောင်မြင်ပြီး တိုင်းပြည်ကအားကိုးအားထားပြုရသော လူငယ်များဖြစ်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက လူငယ်များ အချင်းချင်းအသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ၎င်းတို့၏အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ရန်နှင့် လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်၊ လူငယ်များအား နှုတ်မှုစွမ်းရည်တိုးတက်လာစေရန်၊ ကျန်းမာကြံ့ခိုင်သောလူငယ်များဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့်ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာကြည့်တိုက်လက်ထောက်(၃)၊ ဒေါ်ဇင်ဖြူလွင်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-10 မှကျောင်းသူ မချယ်ရီကိုကိုက လူငယ်နှင့် စာပေ၊ Grade- 8 မှ ကျောင်းသူ မယွန်းနဒီကျော်က လူငယ်နှင့် ကျန်းမာရေး ၊ Grade-9 မှ ကျောင်းသူ မမြတ်ပြည့်ပြည့်ခင်က လူငယ်နှင့် မူးယစ်ဆေးဝါး ၊ Grade-11 ကျောင်းသူမအိသဇင်မင်း က လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများက ဖြည့်စွက်ပြောကြားပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)