နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre စာပေချစ်မြတ်နိုးသူ Club အသင်းများပူးပေါင်း၍ တာဝန်သိစိတ် တာဝန်ယူစိတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

နောင်ချို စက်တင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ Club အသင်းများ ပူးပေါင်း၍ ကလောင်စုံရေးသားသည့် “တာဝန်သိစိတ်တာဝန်ယူစိတ်”  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်က “ရွှေသမင်ဘယ်ကထွက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဦးမြို့ကျော်က “တာဝန်ကိုယ်စီရှိကြသည်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးတင်အောင်သိန်က “သိသည့်အသိ”ခေါင်းစဉ်ဖြင့်လည်းကောင်း စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြကာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် Club အဖွဲ့ဝင်များနှင့် အပြန်အလှန်ဗဟုသုတများ မျှဝေခဲ့ကြကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့၊ အမျိုးသမီးအသင်း (Women Club)၊ လူငယ်အသင်း (Youth Club) အဖွဲ့ များနှင့် ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေကိုချစ်မြတ်နိုး တန်ဖိုးထားတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)