ဆီဆိုင် စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်း ဆီဆိုင်မြို့ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဦးမေက အဖွင့်အမှာစကားပြောကြားပြီး စစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားသစ္စာအဋ္ဌာန် ရွတ်ဆိုကြသည်။ ထို့နောက် ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီးနှင့်တာဝန်ရှိသူများက ဘောလုံးကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဆီဆိုင်မြို့ အခြေခံပညာကျောင်းမှ ကျောင်းသူလေးများက Fitness Dance အကနှင့် အေရိုးဗစ်အကတို့ဖြင့် ဖျော်ဖြေခဲ့ကြရာတာဝန်ရှိသူများက အကအဖွဲ့များအား ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ကျောင်းကောင်စီဥက္ကဋ္ဌ ကျောင်းအုပ်ဆရာမကြီးက ဘောလုံးကန်၍ ပြိုင်ပွဲကိုစတင်ပြီး ကျန်စစ်သားအသင်းနှင့် ဘုရင့်နောင်အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် မူလတန်းအဆင့်တွင်အမျိုးသား(၃)သင်း၊ အလယ်တန်းအဆင့်တွင် အမျိုးသား(၅)သင်း၊ အမျိုးသမီး(၅)သင်း၊ အထက်တန်းအဆင့်တွင် အမျိုးသား(၅)အသင်း၊ စုစုပေါင်း(၁၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး စက်တင်ဘာ(၅)ရက်နေ့မှ စက်တင်ဘာလ(၁၀)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)