ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထား သည့် ချေးငွေများအား အကျိုးရှိစွာ အသုံးချမှုအပေါ် ကချင်ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၅

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ် ကချင် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အနေဖြင့် ကိုဗစ်-၁၉ သက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများအား ထိခိုက်မှုမရှိစေရေး ချေးငွေများ ထုတ်ချေးပေးခဲ့သည့်အပြင် ချေးငွေပေးဆပ်ရမည့် ကာလများကိုလည်း ဖြေလျှော့ပေးခဲ့ပါ ကြောင်း၊ သို့ဖြစ်ပါ၍ လုပ်ငန်းရှင်များအနေဖြင့် ချေးငွေများကို သတ်မှတ်ကာလအတိုင်း ပေးဆပ် သွားရမည်ဖြစ်သကဲ့သို့ မိမိတို့အနေဖြင့်လည်း သတ်မှတ်ကာလအတိုင်း အပြည့်အဝကောက်ခံရရှိရေး၊ ပေးသွင်းနိုင်ရေးကို ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်နယ်စိစစ်ကြပ်မတ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မိုးက ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးထားသည့် ချေးငွေများနှင့် လုပ်ငန်းအခြေအနေများ၊ အတိုးရငွေကောက်ခံရရှိမှု အခြေအနေများ ကိုလည်းကောင်း၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း၊ ကုမ္ပဏီ/ လုပ်ငန်းရှင်များက ချေးငွေအပေါ် အတိုးနှင့် အရင်းပြန်လည်ပေးဆပ်သွားမည့် အစီအစဉ်များကို လည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)