နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနား ပြင်ဦးလွင်မြို့တွင် ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်ရှိ  အသေးစားစက်မှုလက်မှု လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၄ နာရီအချိန်က ပြင်ဦးလွင်မြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ  ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးပြည့်ဖြိုးဟန်နှင့် ဦးသောင်းမြင့်သိန်း၊ ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ စုံလင်စွာတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး  ပြင်ဦးလွင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေနှင့်ပတ်သက် သည့် အကြောင်းအရာများနှင့် ချေးငွေရယူသူ လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် စာချုပ်ပါ စည်းကမ်းချက်များအား  အသေးစိတ် ရှင်းလင်းပြောကြားသည်။

ထို့နောက် ကော်ဖီနှင့် မက္ကဒေးမီးယားသီးနှံများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် အသေးစား စက်မှုလက်မှုလုပ်ငန်းရှင် ဦးစိုးသိန်းအား ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စိုးဦးတို့က နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ချေးငွေကျပ် ( ၃၁.၀၃ သန်း) ကို လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  အသေးစားစက်မှု လက်မှု လုပ်ငန်းရှင်တို့သည် စာချုပ်ပါ လုပ်ငန်းများအား အာမခံခြင်းနှင့် ကိုယ်စားပြုခြင်း လုပ်ငန်းစဉ်များ အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေများကို သီးနှံများ၏ အထွက်နှုန်းတိုးတက်၍ အရည်အသွေး ကောင်းမွန်စေရန်နှင့် တောင်သူများဝင်ငွေပိုမိုရရှိစေခြင်းဖြင့် နိုင်ငံ့စီးပွား တိုးတက် မြင့်မားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုပေါ်ပေါက်လာစေရန်၊ စီမံကိန်းတွင်ပါဝင်သော အစုအဖွဲ့တိုင်း အကျိုးအမြတ်ကိုယ်စီ ရရှိစေရန် ၊ ပူးပေါင်း ဆောင်ရွက်သည့် စနစ်အပေါ် အလေ့အကျင့်ရရှိလာစေရန်စသည့် ရည်ရွယ်ချက်လေးရပ်ဖြင့် စာချုပ်ချုပ်ဆို ချေးငွေပေးအပ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )