မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း သင်တန်းများဆင်းပွဲကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၅

မြစ်ကြီးနားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလတ်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လက်ရက်ကန်း၊ ဖဲနှတ်ကောက်သင်တန်းနှင့် အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ ခန်းမ၌ ကျင်းပခဲ့ သည်။

သင်တန်းဆင်းပွဲတွင် ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးမောမောင်စိုးက သင်တန်းဆင်းအမှာ စကားပြောကြားရာတွင် သင်တန်းတွင် သင်ကြားပေးခဲ့သည့် နည်းလမ်းများအား အသုံးပြု၍ သင်တန်းသူ/ သင်တန်းသားများ၏ အသက် မွေးဝမ်းကျောင်းကို အထောက်အကူပြုနိုင်ပြီး ကျေးလတ်နေပြည်သူများ၏ မိသားစုဝင်ငွေတိုး ရေး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ သင်တန်းသူများ ဆောင်ရွက်ထားသည့် သင်တန်းထွက် ကုန်ချောပစ္စည်းများနှင့် အဝတ်အထည်များအား တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးပြီး အမှတ်တရစုပေါင်း ဓာတ်ပုံများရိုက်ကူးခဲ့ကျသည်။

အဆိုပါ သင်တန်းများကို ဩဂုတ်လ ၈ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ (၁) လကြာ လက်ရက်ကန်း၊ ဖဲနှတ်ကောက်သင်တန်းတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာမှ သင်တန်းသူ (၁၃) ဦးတို့အား ချည်ချခြင်း၊ နှပ်ကော်(ကော်စီကော်)ခြင်း၊ ဒီဇိုင်းပုံထုတ်ခြင်း၊ ဖဲနှက်ကောက်နည်း၊ ဖဲနှတ်တန်းနည်းနှင့် အထည်ရက်ခတ်ခြင်းတို့ကို လည်းကောင်း၊ အခြေခံစက်ချုပ်သင်တန်းတွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာမှ သင်တန်းသူ (၁၅)ဦးနှင့် ရင်ဖြစ်စက်၊ ရှေးမူရင်ဖုံး၊ မီနီစကပ်၊ ကော်လံထောင်၊ ချိတ်ထဘီနှင့် ဘောင်းဘီချုပ်ပုံတို့ကို သင်ကြားပေးခဲ့ကြောင်းနှင့် လက်ရက်ကန်း၊ ဖဲနှတ်ကောက်နှင့် အခြေခံစက်ချုပ် မွမ်းမံသင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)