မြစ်ကြီးနား စက်တင်ဘာ ၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်နှင့်အားကစားကဏ္ဍဆိုင်ရာ စကားရည်လုပွဲနှင့် စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများ ဆုချီးမြှင့်ပွအခမ်းအနားကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က လူငယ်များသည် အနာဂတ်နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့် မျိုးဆက်သစ် အနာဂတ်ခေါင်းဆောင်ငယ် များဖြစ်သည့်အတွက် လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်စေပြီး ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးရန် မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လူငယ်များ အားကစားလှုပ်ရှားမှုတွင် ပိုမိုပါဝင်လာစေရေးနှင့် ယခုကဲ့သို့ ဉာဏပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာ ပြည်နယ်အတွက် တန်ဖိုးရှိသော လူတော်လူကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ စာရေးဆရာအကြီးကိုကို (ကသာ) ကပြိုင်ပွဲများ၏အမှတ်ပေးစည်းမျဉ်းများကိုလည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ထို့နောက် မြစ်ကြီးနားတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသား/ကျောင်းသူများက “အားကစားပြုလုပ်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အလုံးစုံ အကျိုးပြုသည်၊ အားကစားပြုလုပ်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အလုံးစုံအကျိုးမပြု” ဟူ၍ အဆိုနှင့် အချေစကားရည်လုပြိုင်ပွဲဆောင်ရွက်မှုကို တက်ရောက်လာသူများနှင့် အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး နှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများက ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်လူကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက စကားရည်လုပြိုင်ပွဲနှင့် မြစ်ကြီးနား Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီ ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက ခန်းမအတွင်းခင်းကျင်းပြသထားသည့် ကချင်ပြည်နယ်အားကစားကဏ္ဍတွင် ရရှိခဲ့သည့်ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ မှခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)