ကျိုင်းတုံခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြော

ကျိုင်းတုံ စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်နှင့် ခရိုင်ဥပဒေအရာရှိ ဦးဝင်းမောင်တို့က ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်၏အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလေးသူငယ်များအတွက် အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ပေးရန်နှင့် ဥပဒေနှင့်အညီ ရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ၊ ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အခြေခံကျန်းမာရေး၊ အဟာရပြည့်ဝရေး၊ ပညာသင်ယူမှု အခွင့်အလမ်းရရှိရေးဆိုင်ရာ၊ ကလေးသူငယ်များအပေါ် လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခံရသော ကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ကာကွယ်စောင့်‌ရှောက်ရေး၊ မသန်စွမ်းကလေးများနှင့်ပတ်သက်၍ ရရှိနိုင်သည့်အခွင့်အရေးများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပြုစုစောင့်ရှောက်ထိန်းသိမ်းခြင်းလုပ်ငန်းများ၊ ကလေးသူငယ်များရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် စသည့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအရာများကို အသိပညာပေးဟောပြောကြသည်။ ထို့နောက် ဟောပြောပွဲ တက်ရောက်လာကြသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းအရာများနှင့်ပတ်သက်၍ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)