ကျိုင်းတုံမြို့၌ မဲပေးခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျိုင်းတုံ အောက်တိုဘာ ၁၆

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲပေးခြင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း လက်ကမ်းစာစောင်များကို ကျိုင်းတုံမြို့နယ်၊ အာခါဈေး၌ ယမန်နေ့ ညနေပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ဖြန့်ဝေခဲ့ကြသည်။

ထိုသို့ဖြန့်ဝေရာတွင် မြို့နယ်ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်း၊ အတွင်းရေးမှူး ဒေါ်စုမွန်ကျော်နှင့် အဖွဲ့ဝင်များက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှထုတ်ဝေသော မဲပေးခြင်းဆိုင်ရာ  စည်းမျဉ်းစည်းကမ်းများ၊ ဒီမိုကရေစီရှင်သန်ဖို့ မသန်ပေမဲ့စွမ်းသူများအားလုံး မဲပေးကြစို့ အကြောင်းအရာနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ စသည့်အချက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကို ဈေးရောင်း/ဈေးဝယ်များ ဖြန့်ဝေပေးခဲ့ကြသည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မြို့နယ်အတွင်း လူစည်ကားရာ နေရာများတွင် ဆက်လက် ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)