လားရှိုး စက်တင်ဘာ ၅
မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အနာဂတ်ခေါင်းဆောင်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာန တို့ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(လားရှိုး)ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် စာရေးဆရာမ ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စကားပြောအတတ်ပညာများ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် မိမိ၏အတွေးအမြင်များကို ရဲရဲဝံ့ဝံ့ပြောဆိုဆွေးနွေးတတ်စေရန်၊ လူငယ်စကားဝိုင်းများတွင် တက်ရောက်နားထောင်ဆွေးနွေးကြသည့် လူငယ်များအနေဖြင့် အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး လားရှိုးမြို့၊ International ကိုယ်ပိုင်အထက်တန်းကျောင်းမှ မလွေးအမ်စောဟန်က လူငယ်နှင့်နည်းပညာ၊ မဆူးခက်ပွင့်က လူငယ်နှင့်မူးယစ်အန္တရာယ်၊ ရွှေဧရာကိုယ်ပိုင်အထက်တန်းကျောင်းမှ မထက်ထက်အောင်က လူငယ်နှင့်အနုပညာ၊ မောင်ကောင်းမြတ်ခမ်းက လူငယ်နှင့်အားကစား၊ လှိုင်းတက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ မောင်သီဟအုပ်စိုးက လူငယ်နှင့်အင်တာနက် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြရာအခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များမေးမြန်းခြင်း၊ ၎င်းတို့၏အမြင်များကို ပြန်လည်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် စာရေးဆရာမ ဒေါ်ခင်သန်းနွဲ့(မမ-လားရှိုး)နှင့် အခြေခံပညာဦးစီးဌာနနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)