သီပေါမြို့နယ် ဆွတ်လန်းကျေးရွာအခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားပြုလုပ်

သီပေါ စက်တင်ဘာ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်အားပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)အမှုဆောင်ဒါရိုက်တာ ဦးတင်လေးက ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းဆောင်သစ်အား ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအောင်မိုးထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ ပညာရေးငွေပဒေသာပင် ငွေကျပ်သိန်း(၁၂၀)အား ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)အမှုဆောင်ဒါရိုက်တာ ဦးတင်လေးက ကျောင်းကော်မတီဥက္ကဋ္ဌထံသို့ ပေးအပ်ခဲ့ကာ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျေးရွာနေပြည်သူတစ်ဦးတို့မှ ကျေးဇူးတင်စကားအသီးသီး ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းဆောင်သစ်ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျပန်နိုင်ငံနိပွန်ဖောင်ဒေးရှင်း (စေတနာအဖွဲ့)တို့မှ ပံ့ပိုးငွေကျပ်(၇၀၇.၈၇၃)သိန်းနှင့် ဆွတ်လန်းကျေးရွာနေ ဒေသခံပြည်သူလူထုထည့်ဝင်ငွေကျပ်(၁၂၅.၁၅)သိန်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၈၃၃.၀၂၃)သိန်းဖြင့် ဆောက်လုပ်ခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းဆောင်မှာ အလျားပေ ၉၀xအနံ ပေ၃၀ အရွယ်စားတစ်ထပ်အုပ်ညှပ်၊ သွပ်မိုး၊ အင်္ဂတေကြမ်းခင်းဖြစ်ကြောင်း မြို့နယ်ပညာရေမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)