မြစ်သားမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ငှက်ပျောဧက (၉၀၀)ကျော် စိုက်ပျိုးပြီး တောင်သူများ စျေးကောင်းရသဖြင့် လုပ်ငန်းအဆင်ပြေ

မြစ်သား     စက်တင်ဘာ   ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရွှေပေါ်ကျွန်း၊ ငါးဆူ၊ ကင်းစိန်စျေး၊ လောင်းတော်ဦး၊ နွားကူးလေး၊ အုပ်ရှစ်ကုန်း၊ တလိုင်းကုန်း၊ ကြောင်ပန်းကုန်း၊ ပွဲလုံးကျော်၊ သရက် ပင်ကံဆွယ်၊ ခရုတုတ်၊ ကဆွန်၊ ကျန်တော၊ ရွာခိုင်ကြီး၊ ဒါးဝယ်အင်း၊ မြနဒီ၊ လက်ပံဆိပ် ကျေးရွာများတွင် ငှက်ပျောအများဆုံးစိုက်ပျိုးကြကြောင်းနှင့် ငှက်ပျောအဖီးခြောက်ဖီးပါ ငှက်ပျောခိုင် (၄၀)ပါလှည်းတစ်စီးငွေကျပ်(၂) သိန်း ရှစ်သောင်းခွဲကျပ်ဖြင့်  ရောင်းချပြီး  စျေးကောင်းရသဖြင့်  ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဖီးကြမ်းငှက်ပျောအများဆုံးစိုက်ကြပြီး၊ စိုက်ပျိုးရာတွင် မြေအစိုဓါတ် လုံလောက်စွာရရှိသည့် မိုးဦးရာသီ၌ အများဆုံးစိုက်ပျိုးကြကြောင်း၊ မိုးဦးရာသီစိုက်ပျိုးတော့ မိုးရေနဲ့မြေအစိုဓါတ်ကောင်းစွာရရှိပြီး အပင်ဖြစ်ထွန်းမှု  မြန်ဆန်ကြောင်းနှင့် စိုက်ပျိုးရာမှာ အပင်သန်ပြီးငယ်ရွယ်သည့် ငှက်ပျောစို့ အပင်ငယ်များရွေးချယ်ပြီး  စိုက်ပျိုးမှသာ ငှက်ပျောအဖီးများသည့်ငှက်ပျောခိုင်များ ထွက်ရှိမှာဖြစ်ကြောင်း အပင်အပြုအစုကောင်းပါက စိုက်ပျိုးပြီး (၁၀)လအကြာတွင် ငှက်ပျောခိုင်များစတင်ထွက်ရှိပြီး(၁၂)လအကြာတွင် ခုတ်ယူရောင်းချရကြောင်း သိရသည်။

တောင်သူများအနေဖြင့် ငှက်ပျောစိုက်ရာတွင် အပင်ဝင်ဆန့်စေရေး နှစ်ပင်တန်း (စွယ်စုံ)နည်းဖြင့် စိုက်ပျိုးကြကြောင်း၊ ငှက်ပျောစိုက်ပျိုးပါက မြေတစ်ဧကတွင် အပင်ရေ (၈၀၀) ပင်ဝင်ဆန့်ကြောင်း၊ ယခုနှစ်တွင် ငှက်ပျောအထွက်နှုန်း   အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ  စျေးကောင်းရောင်းချရသဖြင့်  ငှက်ပျောစိုက်တောင်သူ ကူဖြူကျေးရွာနေ ဦးဇော်လင်းမောင် ထံမှ သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)