မြစ်သား စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၏ စီစဉ် ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍အခြေခံ လူတန်းစားများအတွက် ချိုသာသောစျေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၇)နာရီအချိန်က မြို့မစျေးအတွင်းရှိ ဒေါ်ဇာကုန်စုံဆိုင်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီရောင်းချနေမှုတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ ကြီးကြပ်၍ စားအုန်းဆီ (၁)ပိဿာလျှင်(၄၆၀၀ိ/)ကျပ်နှုန်းဖြင့် ရောင်းချခြင်းဖြစ်ကြောင်း၊ အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ရည်ရွယ်၍ ရောင်းချပေးလျက်ရှိပြီး မြို့ပေါ်(၆)ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများလာရောက်ဝယ်ယူရာ လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိသည်။ ဆက်လက်၍ ယနေ့ တစ်ရက်ထဲတွင် ကူမဲမြို့ ဂွေ့ကြီးရပ်ကွက် ဦးအောင်ဆန်းဝင်းအိမ်ရှေ့တွင်လည်းကောင်း၊ ကူမဲစျေးတောင်ဘက် ဦးကိုကိုကြီး ဆိုင်ရှေ့၌လည်းကောင်း စားအုန်းဆီပိဿာပေါင်း (၃၃၀၀)ပိဿာ ရောင်းချပေးခဲ့သည်။
ထိုသို့ မြို့နယ် ဆီကုန်သည်ကြီးများအသင်းနှင့် ဆီလုပ်ငန်းရှင်များပူးပေါင်းပြီး သတ်မှတ်ရက်များအလိုက် မြို့ပေါ်ရပ်ကွက်ကြီးများတွင် လှည့်လည်ရောင်းချကာအခြေခံလူတန်းစားများ ချိုသာစွာဝယ်ယူနိုင်ရန် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)