မိုင်းယုမြို့၌ ဒေသဖွံ့ဖြိုးရေးအတွက် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယု စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဦးထုပ်ဆောင်းကြရန်၊ မေးသိုင်းကြိုးစနစ်တကျတပ်ရန်၊ နှစ်ဦးထက်ပိုမစီးကြရန်၊ နောက်ကြည့်မှန်တပ်ပြီး စီးနင်းကြပါရန်၊ လမ်းပြောင်းပြန် မမောင်းကြရန်နှင့် လိုက်နာမှုမရှိပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ဒုတိယဝါဆိုလပြည့်နေ့၌ ဆွမ်း၊ ဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ထေရဝါဒဘုန်းတော်ကြီးကျောင်းသို့ စုပေါင်းလှူဒါန်းကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မိုင်းယုမြို့မရဲစခန်းမှ ဒု-ရဲအုပ် ကျော်ဇင်လတ်က မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်းကိုလည်းကောင်း၊ မိုင်းယုမြို့လဝကဦးစီးမှူး ဦးအောင်ပြည်စိုးက ရွှေ့ပြောင်းအလုပ်သမားကိစ္စများကိုလည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဦးစိုင်းဆွမ်ဆိုင်းက ဒေသအတွင်း ဝက်မွေးမြူရေးနှင့်ပတ်သက်၍ တိရိစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအကြောင်းကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ပြည်သူများ၏ မေးမြန်းတင်ပြချက်များကို မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနမှ ပြန်လည်ပေါင်းစပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အားချာ