လားရှိုး စက်တင်ဘာ ၅
လားရှိုးခရိုင် အသေးစားလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အခြေခံသံဂဟေဆက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့နယ်၊ မန်အိုင်ကျေးရွာအုပ်စု၊ နမ့်ကျန်ကျေးရွာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကြည်မော်က သင်တန်းဖွင့်လှစ်မှုနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး နမ့်ကျန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမိုင်းဌေးဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါသင်တန်းကို အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေးစီမံကိန်းပါ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကို စက်တင်ဘာလ ၄ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းသို့ လားရှိုးမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံ ၁၀ ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)