သန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီနှင့် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း

သန်လျင် အောက်တိုဘာ ၁၆

ရန်ကုန်တောင်ပိုင်းခရိုင်၊   သန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအား We Love Thanlyin အဖွဲ့က ဦးဆောင်ပြီး ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ သည်။ ကိုဗစ်ကာလ ဆွမ်းကွမ်းအခက်အခဲရှိသော ကျောင်းများ အပါအဝင် ဘုန်းတော်ကြီးကျောင်း (၇၄)ကျောင်းအတွက် တစ်ကျောင်းလျှင် ဆွမ်းဆန်တော်(၂)အိတ်၊ နေကြာဆီ(၃)ပိသာ၊ ခေါက်ဆွဲ ခြောက်(၂)ဖာ၊ ငါးသေတ္တာ(၂)ပါကင်၊ ကုလားပဲဆန်(၂)ပိဿာ၊ ကော်ဖီနှင့်လက်ဘက်များအား ဆက်ကပ် လှူဒါန်းသွားမည်ဖြစ် ကြောင်း၊ ဘုန်းတော်ကြီးကျောင်းများအပြင် သီလရှင်ကျောင်းများသို့လည်း ဆက်လက်လှူဒါန်းသွားရန် အစီအစဉ်ရှိကြောင်း   အဆိုပါ အဖွဲ့မှ ကိုဝင်းကို၏ ပြောကြားချက်အရ သိရ သည်။ သန်လျင်မြို့နယ်တွင် ကိုဗစ်ကာလဆွမ်း၊ ကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီး ကျောင်းများ အပါအဝင် ကျောင်းတိုက်များ၊ သီလရှင်စာသင်တိုက်များနှင့် ကျောင်းများအား အလှူရှင်များက တစ်ဦး ချင်းဖြစ်စေ၊   အဖွဲ့အစည်းလိုက်ဖြစ်စေ  မိမိစွမ်းနိုင်သမျှ လှူဒါန်းလျက်ရှိသည်ကို တွေ့ရသည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာ မြင့်တက်နေခြင်း၊ သေဆုံးမှုများပြား လာနေခြင်းအပြင် ဆရာတော်ကြီး အချို့ ရောဂါကူးစက်ခံရမှု ဖြစ်ပွားလာသဖြင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရ သည်။

သန်းဝင်း(သန်လျင်)