သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကျင်းပ

တာမွေ စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်၌ ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က လူငယ်သီတင်းပတ်ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် င်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးဒေါက်တာငြိမ်းသီအောင်တို့က လူငယ်သီတင်းပတ်ဖွင့်ပွဲအခမ်းအနား မုဒ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသူလေးများက Fitness Dance အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် သင်္ကန်းကျွန်းပညာရေးဒီဂရီ ကောလိပ်ရှိ ပညာနေခြည်ခန်မ၌ အခမ်းအနားကို ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ကျောင်းသား/သူများနှင့် လူငယ်လူရွယ်လေးများ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်သီတင်းပတ်နဲ့ပတ်သက်ပြီး အခမ်းအနားကို ကျင်းပဆောင်ရွက်တာဖြစ်တယ်လို့ သိရှိရပါကြောင်း၊ နိုင်ငံအတွင်းညီညွတ်သော လူငယ်အင်အားစုတစ်ခု တည်ထောင်၍ ထိုအင်အားစုတွင် စိတ်ဓာတ်ကြံ့ခိုင်ခြင်းနှင့် တက်ကြွဖျတ်လတ်မှုရှိခြင်း၊ လွတ်လပ်စွာတွေးခေါ်တတ်ခြင်းတို့နှင့်ပြည့်စုံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပံ့ပိုးနိုင်သည့် လူငယ်အင်အားစုတစ်ခုဖြစ်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီကို ဖွဲ့စည်းနိုင်ရေးအတွက် လျာထားဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် ကမ္ဘာကြီး ရေရှည်တည်တံ့ဖို့ လူငယ့်စွမ်းအားဖြင့်ဖန်တီးစို့ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်လူငယ်များအချင်းချင်းပူးပေါင်း၍ လူငယ်များ၏ စွမ်းအားကို အသုံးပြုပြီး ကမ္ဘာကြီး ရေရှည်တည်တံ့နိုင်စေရေးအတွက် အရှိန်မြှင့်တင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်ရေးရာကိစ္စရပ်များကို မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များစနစ်တကျချမှတ်၍ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားလူငယ်များ ကျန်းမာရေးပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များ မွေးထုတ်နိုင်ဖို့အတွက် ကျောင်းသား/သူများအပါအဝင် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍ၊ အခြားဌာနများ၊ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထုတို့ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အနာဂတ်လူငယ်များသည် တိုင်းပြည်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်ရာ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ပေးလျက်ရှိသလို လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဘက်ပေါင်းစုံမှ ဟန်ချက်ညီညီ ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အနာဂတ်တွင် တိုင်းချစ်ပြည်ချစ်စိတ်ရှိပြီး စိတ်ဓာတ်စည်းကမ်းကောင်းမွန်သည့် လူငယ်များကို မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူလေးများက “ပညာပန်းတို့လန်းရာမြေ” ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေ၍လည်းကောင်း၊ “လူငယ်ဘဝလှပရေး၊ ယဉ်ကျေးမှုအလေ့အကျင့် ကောင်းများပျိုးထောင်ပေး" ဟူသောခေါင်းစဉ်ဖြင့် သရုပ်ဖော်ပြသ၍လည်းကောင်း၊ “လူထုအတွင်း ရှေးဦးပြုစုခြင်းနှင့်လူငယ်များ၏အခန်းဏ္ဍ"ဟူသော ခေါင်းစဉ်ဖြင့် သရုပ်ဖော်ပြသ၍လည်းကောင်း၊ ပုဂံယဉ်ကျေးမှုအကဖြင့် ကပြဖျော်ဖြေ၍လည်းကောင်း တင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းအတွက်လိုအပ်သော အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းနှင့် ကပြသီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသော ကျောင်းသား/သူလေးများအတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ်သိန်း(၂၀)ကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများသည် ကျောင်းဝင်းအတွင်း ပြသထားသော လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသစာအုပ်စာပေများ၊ အခြားသက်မွေးမှုပညာရပ်များ၊ စိုက်ပျိုးရေးပညာရပ်များ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးအစီအစဉ်များ၊ လူငယ်များအား အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဝန်ဆောင်မှုပေးနေသည်များ၊ ကျောင်းသား/သူများ ပျော်ရွှင်စွာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)