လွိုင်လင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းနှင့် အမျိုးသမီးစက်ချုပ်သင်တန်း ဖွင့်လှစ်

လွိုင်လင် စက်တင်ဘာ  ၅

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၃) သင်တန်းဖွင့်ပွဲနှင့် လွိုင်လင်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အမျိုးသမီးများ ဝင်ငွေတိုးပွားရေး(အခြေခံ/မွမ်းမံ စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ယမန်နေ့နံနက် (၉)နာရီက မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲသို့ တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဝင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများ ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားကို ရုတ်သိမ်းလိုက်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၅၀ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၁)လဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် လွိုင်လင်မြို့နယ် ဟိုခိုက်ကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အမျိုးသမီးများ ဝင်ငွေတိုးပွားရေး (အခြေခံ/မွမ်းမံ)စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ပါသည်။ အစီအစဉ်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်မှူး ဦးစိုးနိုင်ထူးမှ သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် ဦးစီးဌာန၏ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍ တောင်ကြီးမြို့ ယက်ကန်းသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဖြူဖြူမြင့်က သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ခရိုင်ဦးစီးမှူး ဦးလင်းထင်က သင်တန်းအထောက်အကူပစ္စည်းပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူကာ သင်တန်းဖွင့်ပွဲကို ရုတ်သိမ်းလိုက်သည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ (၁၀) ဦး တက်ရောက်ပြီး သင်တန်းကာလမှာ (၄၅)ရက်ဖြစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားများသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားတားသော ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ခရိုင် (ပြန်/ဆက်)