တောင်ကြီး စက်တင်ဘာ ၄
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃) ကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အတွင်းရှိ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့် ပြည့်စုံစေရန် ကော်မတီဝင်ဌာနများအလိုက် လူငယ်ကဏ္ဍ (၁၆) ရပ်ပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေး အတွက် လမ်းညွှန်ချက်၊ ဆုံးဖြတ်ချက်များ ချမှတ်ပေးနိုင်ခဲ့ပါကြောင်း၊ လူငယ် ကဏ္ဍ (၁၆) ရပ်ကို ပြည်နယ်အဆင့်များသာမက ခရိုင်၊ မြို့နယ်အဆင့်အထိပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ခရိုင်လူငယ်ရေးရာကော်မတီနှင့် မြို့နယ်လူငယ်ရေးရာ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိရာမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (၁) ခု၊ ဒေသ (၁) ခုနှင့် ခရိုင်အဆင့် (၉)ခရိုင်၊ မြို့နယ် အဆင့် (၃၁) မြို့နယ်သာဖွဲ့စည်းနိုင်မှုကို တွေ့ရသည့်အတွက် ကျန်ရှိနေသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/ ခရိုင်/ မြို့နယ်များအနေဖြင့် အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်ရန်လိုအပ်သေးသည် ပြောကြားလိုပါကြောင်း၊ လူငယ်ရေးရာ မူဝါဒပါလုပ်ငန်းများ လက်တွေ့အကောင်အထည်ဖော်ရန် ရေးဆွဲထားသည့် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀-၂၀၂၄) တွင်ပါရှိသည့် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ အဓိကဏ္ဍ (၁၆) ခုနှင့် ပတ်သက်၍ တိုင်းဒေသကြီး၊ ပြည်နယ်လူငယ်ရေးရာ ကော်မတီများအနေဖြင့် ဦးစားပေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် (၅၈) ခု၊ ဆောင်ရွက်ချက် (၁၂၁) ခုအနက် လက်ငင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများကို ကော်မတီအဖွဲ့ဝင် အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း ယခုအစည်းအဝေးမှာ အကြံပြုဆွေးနွေးတင်ပြကြရန်နှင့် အစည်းအဝေးမှ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီသို့ ပေးပို့သွားရန် ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ လူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တိုင်းဒေသကြီး၊ပြည်နယ်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဖွဲ့စည်းထားရှိမှု၊ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုလုပ်ငန်းများအား ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ထို့နောက် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေး၍ ရှမ်းပြည်နယ် လူငယ်ရေးရာ ကော်မတီဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
၎င်းနောက် မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီသို့ ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက အလှူငွေပေးအပ် လှူဒါန်းရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်မှ လက်ခံရယူကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)