ကျောက်ဖြူ စက်တင်ဘာ ၅
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ စီမံရေးရာဌာနမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများက ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်းဖြင့်လည်းကောင်း၊ ကျောင်း သူလေးများမှ Physical Fitness Dance အကဖြင့် လည်းကောင်း သရုပ်ပြတင်ဆက်ဖျော်ဖြေပေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအရင်းအမြစ်ကြီးတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတွင်ပညာရေး အခြေအနေမြင့်မားလာသည်နှင့်အမျှ နိုင်ငံတော်၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံသားများ၏ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ရရှိလာမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူ မောင်တို့ မယ်တို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်ထဲမှ တစ်ခုဖြစ်သော “ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်လာစေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ပါကြောင်း၊ ဗလငါးတန်ဖွံ့ဖြိုးရေး သည် လူသားတိုင်းအတွက်လိုအပ်ချက်ဖြစ်သဖြင့် ပညာရှာမှီးရင်း ဗလငါးတန်ဖွံ့ဖြိုးရန် ပြုစုပျိုးထောင် အားထုတ်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတဝှမ်းတွင်ရှိကြသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင်လည်း စက်တင် ဘာလ ပထမအပတ်ကို လူငယ်များနေ့(လူငယ်သီတင်းပတ်) အဖြစ် သတ်မှတ်ပြီး ဗလငါးတန်နှင့်ဆက်စပ်သော ပြပွဲ၊ပြိုင်ပွဲများ၊ စာပေစကားဝိုင်းများ၊ စာပေဟော ပြောပွဲများနှင့် ပျော်ပွဲရွှင်ပွဲ များကို ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများက အခမ်းအနား သို့ တက်ရောက်လာကြသူများကို ရခိုင်ရိုးရာယိမ်းအကအလှများ၊ တေးသီချင်းများဖြင့် ကပြသီဆို ဖျော်ဖြေပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ကြပြီး ဘာသာရပ်ဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ကျောက်ဖြူပညာရေးဒီဂရီကောလိပ်တွင် အဆိုပါ လူငယ်သီတင်းပတ် အခမ်းအနားအား စက်တင်ဘာလ (၄)ရက်နေ့မှ (၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း