ရမ်းဗြဲ စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က အမှတ်(၂)ရပ်ကွက် အ.မ.က ရွှေတုံးကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.မ.က-ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ထို့နောက် ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန် ဒေါက်တာကောင်းမြတ်ကျော်က သွားနှင့်ခံတွင်းဆိုင်ရာ ကျန်းမာရေးအကြောင်း သိကောင်းစရာများကို ကျောင်းသား/ကျောင်းသူများအား အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်ပြီး သူနာပြု ဦးစီးအရာရှိ မာမီဒေါ်ခင်ထွေးမှ အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အရေးပါပုံများအား ကျောင်းသား/ကျောင်သူများကို အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သွားနှင့်ခံတွင်းအထူးကုဆရာဝန် ဒေါက်တာကောင်းမြတ်ကျော်က အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများအား သွားနှင့်ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက အရပ်အမြင့် တိုင်းပေးခြင်း၊ ကိုယ်အလေးချိန် ချိန်တွယ်ခြင်းတို့ကို ဆောင်ရွက်ပေးပြီး၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက သွားတိုက်တံနှင့်သွားတိုက်ဆေးများကို ပေးဝေခဲ့ကြောင်း သိရှိရသည်။
အောင်တင်ကြည်(ပြန်/ဆက်)