ကျောက်တော် စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေပြီး စဉ်းစားတွေး ခေါ်မှုစွမ်းရည်များမြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက် ၁၁ နာရီက သရက်တပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကျော်စိန်ဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လှနွယ်မှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်စောင့်ရှောက်မှုဆိုင်ရာ ဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်အသိ ပညာပေး ဟောပြောခဲ့ကြသည်။ အဆိုပါ လူငယ်အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ စုံညီစွာတက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း