စစ်တွေ စက်တင်ဘာ ၅
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)အလွန်ကာလ စစ်တွေမြို့နှင့်အနီးပတ်ဝန်း ကျင်ဒေသစိမ်းလန်းစိုပြေရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်၊ ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) ဝန်ထမ်းသင်တန်းဖွင့်ပွဲနှင့် ပြန်လည် ထူထောင်ရေးညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်သစ်တောဦးစီးဌာနရုံး၌ ကျင်းပသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)အလွန်ကာလ စစ်တွေမြို့နှင့်အနီးပတ်ဝန်းကျင်ဒေသ စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များပြန်လည် စိုက်ပျိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် အခြားပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်၌ ကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ စစ်တွေတက္ကသိုလ်နှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ ကြီးမှူးကျင်းပသော စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်ကြသည်။
ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေတက္ကသိုလ်တွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်(၁၀)မြို့တို့မှ ပထမဘွဲ့နှင့်မဟာဘွဲ့ကျောင်းသား၊ ကျောင်းသူ (၆၀၀၀) ကျော်တို့သည် အထူးပြုဘာသာရပ်(၁၆) ခုတွင် ပညာသင်ကြားလျက်ရှိကြောင်း၊ ထို့ပြင် ယခုပညာသင်နှစ်မှာ ဘာသာရပ်(၃)ခုတွင် ပါရဂူဘွဲ့(ပုံမှန်)နှင့် ပါရဂူဘွဲ့(ဝါရင့်) သင်တန်းသားများ တက်ရောက်သင်ကြားနေကြသည်ဟု သိရပါကြောင်း၊ ယခုကဲ့သို့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းစဉ်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အလားအလာကောင်းများဖြစ်၍ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာဖြစ်ပါကြောင်း၊ ယနေ့ကျင်းပမည့် စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသား ဖူဆယ်ပြိုင်ပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ဖွံ့ဖြိုးရေးရက် သတ္တပတ်လှုပ်ရှားမှုကို ကြီးမားသည့်ရည်ရွယ်ချက်နှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တွေတက္ကသိုလ်အနေဖြင့် ကာယဗလဖွံ့ဖြိုးရေးအတွက် အမျိုးသားဖူဆယ်ပြိုင်ပွဲ၊ ဉာဏဗလနဲ့မိတ္တဗလဖွံ့ဖြိုးရေးအတွက် လူငယ်နှင့်လောကနီတိ ခေါင်းစဉ်နှင့်လူငယ်စကားဝိုင်း၊ မိတ္တဗလနှင့်ဘောဂဗလ ဖွံ့ဖြိုးရေးအတွက် ဘာသာရပ်ပေါင်းစုံ ဈေးရောင်ပွဲတော်တို့ကို ကျင်းပပြုလုပ်မည်ဟုလည်း သိရပါကြောင်း၊ ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် မိမိတို့ပါဝင်ယှဉ်ပြိုင်ခြင်းသည် တစ်ဦးချင်း၏ ဗလငါးတန်ဖွံ့ဖြိုးရေးအပြင် အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည် ဆိုသည့်စာသားအတိုင်း ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မြင့်မြင့်မားမားထားရှိကြရန်လည်း တိုက်တွန်းမှာကြားလိုကြောင်းနှင့် အနာဂတ်ကာလတွင် ကျန်းမာကြံ့ခိုင်ပြီး ပညာရည်မြင့်မားသော၊ အတွေးအခေါ်မြင့်မားသော လူငယ်များဖြစ်အောင် ကြိုးစားအားထုတ်ကြရန် ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကြကာ ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေတက္ကသိုလ်သို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲအဖြစ် ဒဿနိကဗေဒဌာနအသင်းနှင့် ဥပဒေပညာဌာနအသင်းတို့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စက်မှုလယ်ယာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမှတ်(၇၂) စက်မှုလယ်ယာစခန်းတွင် ပြုလုပ်သော အမှတ်စဉ် (၁/၂၀၂၃) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်၊ ပြုပြင်ထိန်းသိမ်းမှု(အခြေခံ) ဝန်ထမ်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် တောင်သူများအတွက် ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်(၁၁)မြို့နယ်မှာ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရန် (၁၉၉၂၉)ဧကကို နိုင်ငံတော်၏အထောက်အပံ့ဖြင့် အခမဲ့ထွန်ယက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီအချိန်ကာလတွင် မိုးစပါးရိတ်သိမ်းရာသီ ရောက်လာ မည်ဖြစ်သည့်အတွက် ဒေသခံ(နေ့စား)ထွန်စက်မောင်း (၃၂)ဦး၊ အမြဲတမ်းဝန်ထမ်း (၁၈) ဦးတို့ကို အလေအလွင့်နည်းပါးပြီး စက်စွမ်းအားအပြည့်နှင့် မြန်မြန်ဆန်ဆန် ရိတ်သိမ်းခြွေလှေ့နိုင်ရေးအတွက် ယခုသင်တန်းကိုဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ အလေအလွင့်နည်းပါးစွာ ရိတ်သိမ်းခြွေလှေ့ နိုင်မှသာတောင်သူများ ဝင်ငွေတိုးတက်မှုရရှိမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်ကြားပို့ချပေးကြမည့်ကုမ္ပဏီမှ သင်တန်းဆရာများနှင့် စက်မှုလယ်ယာဦးစီးဌာနမှ သင်တန်းဆရာများကလည်း စေတနာ ထားပြီး အားကြိုးမာန်တက်သင်ကြားပေးရန်နှင့် သင်တန်းသားများကလည်းလိုချင်စိတ်ဖြင့် ကြိုးကြိုးစားစားသင်ယူရန် ပြောကြားသည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသားများအား လက်တွေ့သင်ကြားနေမှုကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုကာလသည် ပြန်လည်ထူထောင်ရေးကာလဖြစ်သကဲ့သို့ နိုင်ငံတော်က ကူညီထောက်ပံ့ပေးနေသည့် စာရေရိက္ခာများ၊ တည်ဆောက်ရေး ပစ္စည်းများ ရောက်ရှိလာနေမြဲဖြစ်ကြောင်း၊ ထိုအတူ အကူအညီအထောက်အပံ့များကို ခရိုင်နှင့်မြို့နယ်များရှိ အမှန်တကယ် လိုအပ်နေသည့် ဒေသခံပြည်သူများထံသို့ ရောက်ရှိနိုင်ရေးဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း၊ အလားတူ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လုပ်ဆောင်ရွက်နေကြရကြောင်း၊ ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးကာလတွင် ပြည်သူများပြန်လည်ရပ်တည်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေးစသည့် ကဏ္ဍအသီးသီးတွင် ယခင်အခြေအနေထက် သာလွန်ကောင်းမွန်းရန် မိမိတို့အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ၊ ပြည်သူများက ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံကိန်းများထည့်သွင်းရေးဆွဲကာ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ရှင်းလင်းဆွေးနွေးတင်ပြပြီး ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ မိမိတို့ဌာနအလိုက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းတင်းပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အဦများပြုပြင်ရန်နှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်ကြသည်။ အလှူငွေပေးအပ်ပွဲတွင် တိပိဋကဓရ၊ တိပိဋကကောဝိတကောဝိဒ၊ တိပိဋကရမ္မာဝတီဆရာတော် ဘဒ္ဒန္တဣန္ဒပါလနှင့် ရက္ခိတစွမ်းအားပရဟိတအဖွဲ့က သာသနိက အဆာက်အဦများ ပြုပြင်ရန်အတွက် အလှူငွေကျပ်(၁၁၀၀၀၀၀၀)၊ ရက္ခိတစွမ်းအားပရဟိတအဖွဲ့နှင့် ငွေဖြိုးထွန်း ကုမ္ပဏီမှ ငွေကျပ်သိန်း(၃၀) တန်ဖိုးရှိ အောက်စီဂျင်စက်တစ်လုံးနှင့် တာပေါ်လင်ငါးခုပါ၊ အထုတ်ကြီး ငါးထုတ်၊ ရက္ခိတစွမ်းအား ပရဟိတအဖွဲ့နှင့် လုမ္မိဏီပညာရေးကျောင်းမိသားစုများမှ အဝတ်အထည် အိတ်ကြီး(၆) အိတ်တို့ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်ဂုဏ်ပြုစကား လျှောက်ထား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)