ကျောက်တော် စက်တင်ဘာ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ ဗလငါးတန်နှင့်ပြည်စုံသော လူငယ်လူရွယ်များဖြစ်လာစေရန်၊ လူအများနှင့်ဆွေးနွေးပြောဆို ပြုမူတတ်စေရန်စသည့် ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် လူငယ်များအသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များအချင်းချင်း ပူးပေါင်း ဆောင်ရွက်တတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများဖြစ်လာစေရန်၊ အနာဂတ်နိုင်ငံတော်ကိုဦးဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး သရက်တပင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်းမှ Grade- 12 ကျောင်းသား မောင်ဝင်းကိုနိုင်မှ လူငယ်နှင့် ကိုယ်ကျင့်တရား၊ Grade-11 ကျောင်းသူ မပန်းအိဖြူမှ ဆိုရှယ်မီဒီယာ၊ Grade-10 ကျောင်းသား မောင်ချမ်းငြိမ်းသူမှ ကမ္ဘာကြီးထိန်းသိန်းဖို့ သစ်ပင်များစွာစိုက်ကြစို့၊ Grade-10 ကျောင်းသူ မချစ်ထက်ထက်အောင်မှ လူ့တန်ဖိုး၊ Grade-10 ကျောင်းသူ မဆွေဇင်ခိုင်မှ လူငယ်နှင့်မူးယစ်ဆေးဝါး စသောခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြရာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များအား မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူက ပြန်လည် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။။
ခင်မောင်ထွန်း၊ ကျောက်တော်(ပြန်/ဆက်)