မြင်းခြံတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ရိုးရာခြင်းအလှခတ်ပြပွဲပြုလုပ်

မြင်းခြံ စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ် ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ရိုးရာခြင်းအလှခတ်ပြပွဲကို ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က အဆိုပါ တက္ကသိုလ် အားကစားခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးဟန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ရိုးရာခြင်းအလှခတ်ပြပွဲ မစတင်မီ ကျောင်းသား/ ကျောင်းသူများက ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ Fitness Dance အကဖြင့် ကပြဖျော်ဖြေခဲ့သည်။ ဆက်လက်၍ ကျောင်းသား (၆) ဦးက ရိုးရာခြင်း အလှခတ်ကစားခဲ့ကြသည်။

ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ရိုးရာခြင်းအလှခတ်ပြပွဲသို့ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအေးအေးဟန်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ (၂၅၀) ဦးတက်ရောက်ခဲ့ကြပြီး ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲ၊ ဂီတဖျော်ဖြေပွဲ၊ ချည်ထည်ဆိုးဆေးများ စမ်းသပ်ထုတ်လုပ်ခြင်း၊ သိပ္ပံ၊ ဝိဇ္ဇာ ဘာသာရပ်များမှ သုတေသနလုပ်ငန်းများအား လက်တွေ့ရှင်းလင်းပြသခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)