ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် တိုင်းရင်းဆေးဖြင့်(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး

ရမ်းဗြဲ စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ စစ်ကြောင်း(၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့ မွန်းလွဲ(၁၂)နာရီအချိန်က ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကုန်ဘောင်ကျေးရွာအုပ်စု၊ ကုန်ဘောင်(၁)စံပြကျေးရွာဓမ္မာရုံ၌ ကျေးရွာသူ/ကျေးရွာသားများနှင့် တွေဆုံခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ ဆက်သွယ်ရေး၊ စည်းရုံးရေးကိစ္စ စသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန် လာရောက်ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှုး ဦးကျော်ဝင်းက စပါးစိုက်ခင်းများတွင် ကျရောက်တတ်သော ပိုးမွှားအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ပိုးမွှားအန္တရယ်ကျရောက်လာပါက ကာကွယ်နှိမ်နှင်းပုံများ၊ ထွန်ယှက်စိုက်ပျိုးပြီးချိန် သီးနှံအထွက်တိုးရန် သုံးစွဲရမည့်ဓာတ်မြေဩဇာများ၊  စပါးရိတ်သိမ်းပြီးချိန်၌ တစ်နိုင်တစ်ပိုင် မြေပဲ၊ မတ်ပဲ၊ မုန်ညှင်း၊ နေကြာတို့ကို  စိုက်ပျိုးကြရန်  တောင်သူများအား ရှင်းလင်းပြောကြားခြင်း၊  ဆက်လက်ပြီး  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ  ဖြန့်ဝေသော “လယ်ယာမြေ  လုပ်ပိုင်ခွင့်ရရှိရေးအတွက်  သိရှိထားသင့်သောလယ်ယာမြေဥပဒေပုဒ်မများ ” အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များကို  ကျေးရွာသူ/ကျေးရွာသားများအား ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်ပြီး   စစ်ကြောင်း (၅)ကြောင်းပါဝင်သည့် ပူးပေါင်းအဖွဲ့သည်  မိမိတို့ဌာနအလိုက်  လုပ်ငန်း ဆောင်ရွက်နေမှုနှင့်  ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး ကျေးရွာသူ/ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ခင်လင်းရွှေက ကျေးရွာသူ/ ကျေးရွာသားများအား တိုင်းရင်းဆေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာများသူအား သွေးပေါင်ချိန်တိုင်းပေးခြင်း၊ လေထိုး/လေအောင့်၊ ဒူးနာ၊ ခါးနာ၊ သွေးအားနည်း၊ အိပ်မပျော်၊ ထုံကျဉ်၊ ကိုက်ခဲ၊ အဆစ်ရောင် စသည့်ရောဂါဝေဒနာ ခံစားနေရသူများအား သောက်ဆေး၊ လိမ်းဆေးနှင့် လိုအပ်သော ဆေးဝါးများကို (အခမဲ့) ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

အောင်တင်ကြည်(ပြန်/ဆက်)