သီပေါ အောက်တိုဘာ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၃)နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ် ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ ကော်မတီ အသီးသီး၏ အဖွဲ့ဝင်များအနေဖြင့် မိမိတို့ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် လိုအပ်သည်များတင်ပြ ဆွေးနွေးပေး ကြရန်နှင့် ရှေ့ဆက်လက် ဆောင်ရွက် မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူများ အပြင်ထွက် သွားလာရာတွင် နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်သွားလာရေးအတွက် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရန်၊ တပ်ဆင်သွားလာခြင်း မရှိသူများအား ခုဝယ် ခုတပ်စနစ်ဖြင့် ဒဏ်ရိုက် စနစ်စတင် ဆောင်ရွက်ရန်၊ မြို့ဝင်စစ်ဆေးရေးဂိတ် ဆောင်ရွက်ရာတွင် လိုအပ်မည့် အချက်များကိုလည်း ဝိုင်းဝန်း ဆွေးနွေး ပေးကြရန် စသည်ဖြင့်ပြောကြားခဲ့သည်။
ထို့နောက် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိမှ စျေးများနှင့် မြို့တွင်လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း(Mask)ကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းများ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း၊ နောက်တစ်ကြိမ်တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်းမရှိပါက ခုဝယ် ခုတပ်စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှလည်း မြို့နယ်အတွင်း လှည့်လည် အသိပညာပေးခြင်း ဆောင်ရွက်ပြီး ကြေညာ ပေးသွားမည်ဖြစ်ကြောင်းစသည်ဖြင့် ကော်မတီဝင် များမှ အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ ပရဟိတကွန်ရက် အဖွဲ့သို့ ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ခြင်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာရုံး မိသားစုမှ ကော်မတီ နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲသို့ အလှူငွေပေး အပ်လှူဒါန်းကြရာ တာဝန်ရှိသူ အသီးသီးက လက်ခံရယူ ခဲ့ကြောင်းသိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)