ဘူးသီးတောင်မြို့၌ မွေးစမှအသက် တစ်နှစ်အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ဘူးသီးတောင် စက်တင်ဘာ ၅

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့ပေါ်ရပ်ကွက်များ အတွင်းရှိကလေးငယ်များအား မွေးစမှအသက်တစ်နှစ်အောက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ရာတွင် မွေးစမှအသက်တစ်နှစ်အောက် ကလေးများအားဘီစီဂျီ၊ ပိုလီယို၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို မွေးစ၊ အသက်(၂)လ၊ အသက်(၄)လ၊ အသက်(၆)လ၊ အသက်(၉)လနှင့် အသက်တစ်နှစ်အထိ ကလေးငယ်များအား သတ်မှတ်ဆေးထိုးရက်များအလိုက် ရပ်ကွက်/ကျေးရွာများသို့ ကွင်းဆင်း၍ အကြိမ်ရေအလိုက် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)