ပင်လောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂) နှစ်အောက်ကလေးသူငယ်များအား ထောက်ပံ့ငွေးပေးအပ်

ပင်လောင်း ​စက်တင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင်  လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ် ဧပြီ၊ မေ၊ ဇွန်လအတွက် အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် (၂) နှစ်အောက်ကလေးသူငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနတွင် ယနေ့တွင် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိ​​ကြောင်းသိရသည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် (၂) နှစ်အောက်ကလေးငယ်များနှင့် လေးလအထက် ကိုယ်ဝန်ဆောင်မိခင်များအား တစ်လလျှင် ငွေကျပ် တစ်သောင်းငါးထောင်နှုန်းဖြင့် သုံးလလျှင်တစ်ကြိမ် စုစုပေါင်းငွေကျပ်လေးသောင်းငါးထောင်၊ ကိုယ်ဝန်ဆောင် စာရင်းပေးသွင်းချိန် သုံးလအကျုံးဝင်ပါက နှစ်လစာ ငွေကျပ်သုံးသောင်း၊ ကိုယ်ဝန်ဆောင် စာရင်းပေးသွင်းချိန် နှစ်လအကျုံးဝင်ပါက တစ်လစာငွေကျပ် တစ်သောင်းငါးထောင်ဖြင့် ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ထောက်ပံ့ငွေများပေးအပ်ရာတွင် ပင်လောင်းမြို့ပေါ် (၁၀) ရပ်ကွက်မှ (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် (၁၉၇) ဦး၊ ဘန့်ဘာကျေးရွာအုပ်စုရှိ (၂) နှစ် အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် (၃၅၁) ဦးအား ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် စာရင်းပေးသွင်းချိန် အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များအား သတ်မှတ်ထားသည့် နေ့ရက်များအလိုက် လူမှုဝန်ထမ်းဦးစီးဌာနတွင် ထောက်ပံ့ငွေများ ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်